Workplace ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ


Workplace from Meta ဆိုသည်မှာ Meta က ဖန်တီးထားသော အွန်လိုင်းပလက်ဖောင်းတစ်ခု ဖြစ်ပြီး ၎င်းကိုသုံး၍ အသုံးပြုသူများက အလုပ်ခွင်တွင် ပူးပေါင်းဆောင်ရွက်နိုင်ပြီး အချက်အလက် မျှဝေနိုင်သည်။ Workplace ပလက်ဖောင်းတွင် "ဝန်ဆောင်မှု" နှင့်အတူ Workplace ဝက်ဘ်ဆိုက်များ၊ အက်ပ်များနှင့် သက်ဆိုင်ရာအွန်လိုင်း ဝန်ဆောင်မှုများ ပါဝင်ပါသည်။
ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒတွင် ဝန်ဆောင်မှုကို သင်အသုံးပြုသည့်အခါ သင့်အချက်အလက်များကို စုစည်းရယူပုံ၊ အသုံးပြုပုံနှင့် မျှဝေပုံတို့ကို ဖော်ပြပေးထားသည်။
ဝန်ဆောင်မှုကို အဖွဲ့အစည်းများက ၎င်းတို့၏ညွှန်ကြားချက်များနှင့်အညီ အသုံးပြုရန်အတွက် ရည်ရွယ်ထားပြီး ၎င်းကို သင့်အလုပ်ရှင် သို့မဟုတ် ဝန်ဆောင်မှုကို ဝင်ရောက်သုံးစွဲရန်နှင့် အသုံးပြုရန် သင့်အား ခွင့်ပြုထားသော အခြားအဖွဲ့အစည်း (သင့် “အဖွဲ့အစည်း”) က သင့်အတွက် ပံ့ပိုးပေးထားခြင်းဖြစ်သည်။
ဤဝန်ဆောင်မှုသည် သင် အသုံးပြုနေနိုင်သော အခြား Meta ဝန်ဆောင်မှုများနှင့် သီးခြားဖြစ်ပါသည်။ အဆိုပါ အခြား Meta ဝန်ဆောင်မှုများကို Meta က သင့်အတွက် ပံ့ပိုးပေးပြီး ၎င်းတို့၏ကိုယ်ပိုင် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သည်။ သို့သော်လည်း ဝန်ဆောင်မှုကို သင့်အဖွဲ့အစည်းက ပံ့ပိုးထားပြီး ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ၊ Workplace ကောင်းမွန်သင့်လျော်စွာသုံးစွဲမှု မူဝါဒနှင့် Workplace ကွတ်ကီးမူဝါဒနှင့်အညီ ထိန်းချုပ်ဆောင်ရွက်သည်။
သင့်အဖွဲ့အစည်းက သင်၏ Workplace အကောင့် ("သင့်အကောင့်") အတွက် တာဝန်ရှိပြီး ၎င်းကိုစီမံခန့်ခွဲပါသည်။ သင့်အဖွဲ့အစည်းတွင် ဝန်ဆောင်မှုမှတစ်ဆင့် သင် ပေးပို့သော သို့မဟုတ် ပံ့ပိုးပေးသော အချက်အလက်များကို စုစည်းရယူခြင်းနှင့် အသုံးပြုခြင်းအတွက်လည်း တာဝန်ရှိပြီး ယင်းကဲ့သို့အသုံးပြုမှုကို သင့်အဖွဲ့အစည်းနှင့် Meta တို့ကြား သတ်မှတ်ထားရှိသော စည်းမျဉ်းများနှင့်အညီ ထိန်းချုပ်ဆောင်ရွက်ပါသည်။
ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒအပြင် သင့်အဖွဲ့အစည်းတွင် သင်၏ဝန်ဆောင်မှုအသုံးပြုမှုနှင့် ပတ်သက်၍ သက်ရောက်နိုင်မည့် နောက်ထပ် မူဝါဒများ သို့မဟုတ် ကျင့်ဝတ်စည်းမျဉ်းများ ရှိနိုင်ပါသည်။
သင်၏ ဝန်ဆောင်မှု အသုံးပြုမှုနှင့် ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက သင့်အဖွဲ့အစည်းထံ ဆက်သွယ်ပါ။

၁။ မည်သည့်အချက်အလက်အမျိုးအစားများကို စုစည်းရယူပါသလဲ။
သင်၊ သင့်လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် အခြားအသုံးပြုသူများက ဝန်ဆောင်မှုကို ဝင်ရောက်သုံးစွဲသည့်အခါ သင့်အဖွဲ့အစည်းအနေဖြင့် အောက်ပါ အချက်အလက်အမျိုးအစားများကို စုစည်းရယူပါမည်-
  • အမည်အပြည့်အစုံနှင့် အီးမေးလိပ်စာကဲ့သို့ သင်၏ ဆက်သွယ်ရန်အချက်အလက်၊
  • သင်၏ အသုံးပြုသူအမည်နှင့် စကားဝှက်၊
  • သင်၏ အလုပ်ရာထူး၊ ဌာနအချက်အလက်နှင့် သင့်အလုပ် သို့မဟုတ် အဖွဲ့အစည်းနှင့်သက်ဆိုင်သော အခြားအချက်အလက်၊
  • အကောင့်သစ်ဖွင့်သောအခါ၊ အကြောင်းအရာ ဖန်တီးသောအခါ သို့မဟုတ် မျှဝေသောအခါနှင့် အခြားသူများထံ မက်ဆေ့ပို့သောအခါ သို့မဟုတ် ၎င်းတို့နှင့် ဆက်သွယ်သောအခါမျိုး အပါအဝင်၊ ဝန်ဆောင်မှုကို အသုံးပြုသောအခါ သင်ပံ့ပိုးပေးသော အကြောင်းအရာ၊ ဆက်သွယ်မှုများနှင့် အခြားအချက်အလက်များ။ ၎င်းတွင် ဓာတ်ပုံ၏တည်နေရာ သို့မဟုတ် ဖိုင်ဖန်တီးခဲ့သည့် ရက်စွဲကဲ့သို့ သင်ပံ့ပိုးပေးသော အကြောင်းအရာထဲရှိ သို့မဟုတ် အကြောင်းအရာနှင့်ပတ်သက်သော အချက်အလက် (အချက်အလက်အညွှန်းကဲ့သို့) တို့ ပါဝင်နိုင်ပါသည်၊
  • အခြားလူများက ဝန်ဆောင်မှုကို အသုံးပြုသောအခါ ၎င်းတို့ပံ့ပိုးပေးသော အကြောင်းအရာ၊ ဆက်သွယ်မှုများနှင့် အချက်အလက်များ။ ၎င်းတွင် သင့်ဓာတ်ပုံကို ၎င်းတို့က မျှဝေသောအခါ သို့မဟုတ် မှတ်ချက်ပေးသောအခါ၊ သင့်ဆီ မက်ဆေ့ပို့သောအခါ သို့မဟုတ် သင်၏ ဆက်သွယ်ရန်အချက်အလက်ကို အပ်လုဒ်လုပ်သောအခါ၊ တူအောင်ညှိသောအခါ သို့မဟုတ် လွှဲပြောင်းထည့်သွင်းသောအခါကဲ့သို့ သင့်နှင့်ပတ်သက်သော အချက်အလက်များ ပါဝင်နိုင်ပါသည်၊
  • အခြားသော ဝန်ဆောင်မှုအသုံးပြုသူများနှင့် ဆက်သွယ်မှုအားလုံး၊
  • သင့်အဖွဲ့အစည်းသို့ ပေးပို့သည့် အသုံးပြုသူဆိုင်ရာ ဆက်သွယ်မှုများ၊ သဘောထားမှတ်ချက်၊ အကြံပြုချက်များနှင့် အယူအဆများ၊
  • ငွေတောင်းခံရန် အချက်အလက်များနှင့်
  • သင် သို့မဟုတ် သင့်အဖွဲ့အစည်းက ဝန်ဆောင်မှုနှင့်ပတ်သက်၍ ပလက်ဖောင်းပံ့ပိုးကူညီမှုကို ဆက်သွယ်သောအခါ သို့မဟုတ် ၎င်းနှင့် ချိတ်ဆက်ဆောင်ရွက်သောအခါ သင်ပံ့ပိုးပေးသော အချက်အလက်များ။

၂။ သင့်အဖွဲ့အစည်းက ဤအချက်အလက်ကို ဘယ်လိုအသုံးပြုသလဲ။
သင့်အဖွဲ့အစည်း၏ အခြားသော လမ်းညွှန်ချက်များနှင့်အညီ Meta အား သင့်အဖွဲ့အစည်းနှင့် အခြားအသုံးပြုသူများအတွက် ဝန်ဆောင်မှုကို စီစဉ်ပံ့ပိုးခွင့်ပြုရန်အလို့ငှာ သင့်အဖွဲ့အစည်းသည် ၎င်းစုစည်းရယူထားသည့် အချက်အလက်များကို ပလက်ဖောင်းဝန်ဆောင်မှုပေးသူ တစ်ဦးအနေဖြင့် Meta နှင့် မျှဝေပါမည်။ အဆိုပါ အသုံးပြုမှု ဥပမာများတွင် ပါဝင်သည်မှာ-
  • ဝန်ဆောင်မှု အသုံးပြုမှုနှင့်ပတ်သက်၍ အသုံးပြုသူများနှင့် စီမံခန့်ခွဲသူများထံ ဆက်သွယ်ခြင်း၊
  • သံသယရှိသော လုပ်ဆောင်ချက် သို့မဟုတ် သက်ဆိုင်ရာ စည်းမျဉ်းများ သို့မဟုတ် မူဝါဒများအပေါ် ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်းကဲ့သို့ သင့်အဖွဲ့အစည်းနှင့် အခြားအသုံးပြုသူများအတွက် ဝန်ဆောင်မှု၏ ဘေးကင်းလုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်ခြင်း၊
  • သင်နှင့် သင့်အဖွဲ့အစည်း၏ သုံးစွဲမှုအတွေ့အကြုံကို ကျွန်ုပ်တို့၏ဝန်ဆောင်မှုဆိုင်ရာ ပံ့ပိုးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စိတ်ကြိုက်သတ်မှတ်ခြင်း၊
  • သင့်အဖွဲ့အစည်းအတွက် ဝန်ဆောင်မှုထဲတွင် အသစ်အသစ်သော ကိရိယာများ၊ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို တီထွင်ခြင်း၊
  • ဝန်ဆောင်မှု၏ အလုံးစုံလည်ပတ်မှုကို မြှင့်တင်ရန်အတွက် လူတစ်ဦးတည်းက လုပ်ဆောင်သော မတူညီသည့် ဖုန်း/ကွန်ပျူတာအသီးသီးတွင် ဝန်ဆောင်မှုရှိ လှုပ်ရှားဆောင်ရွက်မှုကို ချိတ်ဆက်ပေးခြင်း၊
  • ရှိနေနိုင်သော ချွတ်ယွင်းမှုများကို ရှာဖွေဖော်ထုတ်ပြီး ပြုပြင်ခြင်းနှင့်၊
  • ဝန်ဆောင်မှုကို တိုးတက်အောင် လုပ်ဆောင်ရန်အတွက် သုတေသနလုပ်ခြင်း အပါအဝင် အချက်အလက်နှင့် စနစ်များကို ခွဲခြမ်းစိတ်ဖြာခြင်း။

၃။ အချက်အလက်ထုတ်ဖော်ခြင်း
သင့်အဖွဲ့အစည်းက စုစည်းရယူထားသည့် အချက်အလက်များကို အောက်ပါနည်းလမ်းများအတိုင်း ထုတ်ဖော်နိုင်ပါသည်-
  • ဝန်ဆောင်မှု သို့မဟုတ် ဝန်ဆောင်မှု၏အစိတ်အပိုင်းကို ပံ့ပိုးရာတွင် အကူအညီပေးမည့် ကြားခံပြင်ပ ဝန်ဆောင်မှုပေးသူများထံ၊
  • ဝန်ဆောင်မှုမှတစ်ဆင့် သင်ချိတ်ဆက်နိုင်သော ကြားခံပြင်ပ အက်ပ်များ၊ ဝက်ဘ်ဆိုက်များ သို့မဟုတ် အခြားဝန်ဆောင်မှုများထံ၊
  • ဝန်ဆောင်မှုဆိုင်ရာ လွှဲပြောင်းပေးမှု၊ ကုမ္ပဏီချင်းပေါင်းစည်းခြင်း၊ လုပ်ငန်းပေါင်းစည်းခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ရောင်းချခြင်း သို့မဟုတ် ဖြစ်တောင့်ဖြစ်ခဲ ဒေဝါလီခံရခြင်း သို့မဟုတ် လုပ်ငန်းပျက်ခြင်းကဲ့သို့ ကြီးမားသော ကော်ပိုရိတ်လုပ်ငန်းဆိုင်ရာ ရောင်းဝယ်မှုများနှင့် စပ်လျဉ်း၍၊
  • လူပုဂ္ဂိုလ်တိုင်း၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန်၊ လိမ်လည်မှု၊ လုံခြုံရေး သို့မဟုတ် နည်းပညာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်နှင့်
  • ဆင့်ခေါ်စာ၊ ဝရမ်း၊ ရှာဖွေခွင့် အမိန့် သို့မဟုတ် ဥပဒေစိုးမိုးရေး အေဂျင်စီတစ်ခုထံမှ အခြားသော တောင်းဆိုချက် သို့မဟုတ် အမိန့်နှင့် စပ်လျဉ်း၍၊

၄။ သင့်အချက်အလက်ကို ဝင်ရောက်သုံးစွဲခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်း
သင့်နှင့် သင့်အဖွဲ့အစည်းသည် ဝန်ဆောင်မှုတွင် အပ်လုဒ်လုပ်ထားသည့် အချက်အလက်များကို ဝန်ဆောင်မှုအတွင်းရှိ ကိရိယာများ (ဥပမာ- သင့်ပရိုဖိုင်အချက်အလက်ကို တည်းဖြတ်ခြင်း သို့မဟုတ် လုပ်ဆောင်ချက်စာရင်းမှတစ်ဆင့်) ကို သုံး၍ ဝင်ရောက်သုံးစွဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ဝန်ဆောင်မှုအတွင်း ပံ့ပိုးပေးထားသည့် ကိရိယာများကို သုံး၍ ထိုသို့မလုပ်ဆောင်နိုင်ပါက သင့်အချက်အလက်များကို ဝင်ရောက်သုံးစွဲရန် သို့မဟုတ် မွမ်းမံပြင်ဆင်ရန်အတွက် သင့်အဖွဲ့အစည်းထံ တိုက်ရိုက်ဆက်သွယ်ရပါမည်။

၅။ ဥရောပသမဂ္ဂ-အမေရိကန်ပြည်ထောင်စု အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှု မူဘောင်
Meta Platforms, Inc. သည် ဥရောပသမဂ္ဂ-အမေရိကန်ပြည်ထောင်စု အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှု မူဘောင်တွင် ၎င်း၏ ပါဝင်လိုက်နာမှုကို တရားဝင် အတည်ပြုထားသည်။ ထိုတရားဝင်အတည်ပြုမှုတွင် ဖော်ပြထားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် အမေရိကန်ပြည်ထောင်စုရှိ Meta Platforms, Inc. သို့ အချက်အလက်လွှဲပြောင်းခြင်း ကိစ္စရပ်များတွင် ကျွန်ုပ်တို့သည် ဥရောပသမဂ္ဂ-အမေရိကန်ပြည်ထောင်စု အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှု မူဘောင်နှင့် ဥရောပကော်မရှင်၏ ဆက်စပ်သော ကာကွယ်မှုအဆင့် ပြည့်မီလုံလောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို အားထားအမှီပြုပါသည်။ နောက်ထပ် အချက်အလက်များအတွက် Meta Platforms, Inc. ၏ အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှု မူဘောင် ထုတ်ဖော်ချက်ကို ပြန်လည်သုံးသပ်ပါ။

၆။ ကြားခံပြင်ပ အဖွဲ့အစည်း လင့်ခ်များနှင့် အကြောင်းအရာ
ဝန်ဆောင်မှုတွင် သင့်အဖွဲ့အစည်းက ထိန်းချုပ်မထားသော ကြားခံပြင်ပအဖွဲ့အစည်းများက ထိန်းသိမ်းထားသည့် အကြောင်းအရာအတွက် လင့်ခ်များ ပါရှိနိုင်ပါသည်။ သင်ဝင်ကြည့်သော ဝက်ဘ်ဆိုက်အသီးသီး၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒများကို သင်ပြန်လည်သုံးသပ်သင့်သည်။

၇။ အကောင့်ပိတ်ခြင်း
သင်သည် ဝန်ဆောင်မှုအသုံးပြုခြင်းကို ရပ်တန့်လိုပါက သင့်အဖွဲ့အစည်းထံ တိုက်ရိုက်ဆက်သွယ်ရပါမည်။ အလားတူပင် သင်သည် အဖွဲ့အစည်းထံတွင် အလုပ်လုပ်ခြင်း သို့မဟုတ် အဖွဲ့အစည်းနှင့်အတူ အလုပ်လုပ်ခြင်းကို ရပ်လိုက်ပါက ထိုအဖွဲ့အစည်းသည် သင့်အကောင့်ကို ဆိုင်းငံ့ထားနိုင်သည် နှင့်/သို့မဟုတ် သင့်အကောင့်နှင့်ဆက်စပ်သည့် အချက်အလက်မှန်သမျှကို ဖျက်နိုင်သည်။
အကောင့်ကို ပိတ်လိုက်ပြီးနောက် ဖျက်သိမ်းရန်အတွက် ပုံမှန်အားဖြင့် ရက်ပေါင်း ၉၀ ခန့် ကြာနိုင်သော်လည်း၊ အချို့သော အချက်အလက်များသည် သင့်လျော်သော အချိန်ကာလတစ်ခုကြာ အရန်သိမ်းမိတ္တူများအဖြစ် ဆက်ရှိနေနိုင်ပါသည်။ သင်ဖန်တီးပြီး မျှဝေသော ဝန်ဆောင်မှုပေါ်ရှိ အကြောင်းအရာကို သင့်အဖွဲ့အစည်းက ပိုင်ဆိုင်ပြီး သင့်အဖွဲ့အစည်းက သင့်အကောင့်ကို ပိတ်သိမ်းလိုက်သည့်တိုင် သို့မဟုတ် ရပ်စဲလိုက်သည့်တိုင် ယင်းအကြောင်းအရာသည် ဝန်ဆောင်မှုတွင် ဆက်ရှိနေနိုင်သည် သို့မဟုတ် အဖွဲ့အစည်းက ဝင်ရောက်သုံးစွဲနိုင်သည်ကို သတိပြုပါ။ ဤနည်းအားဖြင့် ဝန်ဆောင်မှုတွင် သင်ပံ့ပိုးပေးသော အကြောင်းအရာသည် သင်၏ အလုပ်ဆောင်ရွက်ချက်အတွင်း သင် ပြုလုပ်ထားနိုင်သော အခြားအကြောင်းအရာ အမျိုးအစားများ (တင်ပြချက်များ သို့မဟုတ် မှတ်စုများကဲ့သို့) နှင့်အလားတူပင်ဖြစ်သည်။

၈။ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒတွင် ပြောင်းလဲချက်များ
ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒကို အခါအားလျော်စွာ အပ်ဒိတ်လုပ်နိုင်ပါသည်။ အပ်ဒိတ်လုပ်သည့်အခါ အောက်တွင်ဖော်ပြထားသော "နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့ချိန်" ရက်စွဲကို ပြင်ဆင်မည်ဖြစ်ပြီး ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒအသစ်ကို အွန်လိုင်းတွင် တင်ပေးသွားပါမည်။

၉။ အဆက်အသွယ်
ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ သို့မဟုတ် Workplace ကောင်းမွန်သင့်လျော်စွာ သုံးစွဲမှု မူဝါဒနှင့် ပတ်သက်၍ သင့်တွင် မေးမြန်းလိုသည်များရှိပါက သင့်အဖွဲ့အစည်း၏ စီမံသူမှတစ်ဆင့် သင့်အဖွဲ့အစည်းထံ ဆက်သွယ်ပါ။
ကယ်လီဖိုးနီယားတွင် နေထိုင်သူများအတွက် သင်၏ အဖွဲ့အစည်းစီမံသူမှတစ်ဆင့် သင့်အဖွဲ့အစည်းထံ ဆက်သွယ်ကာ သင်၏ သုံးစွဲသူ ကိုယ်ရေးလုံခြုံမှု အခွင့်အရေးများအကြောင်း ပိုမိုလေ့လာနိုင်ပါသည်။

နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့ချိန်- ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်